ကိုယ်ယုံကြည်ရာ

လူ တစ်ဥိးချင်း၊ တစ်ယောက်ချင်းစီဟာ ကိုယ်ယုံကြည်ရာနဲ့ ကိုယ် ရှင်သန်နေကြတယ် မဟုတ်ပါလားဗျာ ။
ယုံကြည်ရာ မတူညီကြတဲ့အတွက်.. ကိုးကွယ်ရာ ဘာသာတွေ ကွဲလွဲကြတယ်။
ထင်မြင်ယူဆချက်တွေ ကွဲလွဲတယ်……။ လက်ခံကျင့်သုံးပုံတွေ ကွဲလွဲတယ်…….။
နေထိုင်ကြီးပြင်းပုံ……… ရှင်သန်လှုပ်ရှားပုံ……. . ပြုမူပြောဆိုပုံတွေ ကွဲလွဲကြတယ်…….။
ဒါဆို ……… ယုံကြည်ရာတွေဟာ ဘာတွေများ ဖြစ်နေပါလိမ့်မလဲ……။
ဘယ်လိုလူတွေမှာ ယုံကြည်ရာ တူညီပြီး ဘယ်လိုလူတွေမှာ ကွဲပြားတက်သလဲ……။
ဘာကြောင့် တူညီပြီး ဘာကြောင့် ကွဲပြားရသလဲ…….။ ညဏ်မှီသလောက်တော့ တွေးကြည့်ရတော့တာပေါ့ဗျာ။
(မတွေးလို့လဲ မရဘူးလေ.. ဒွေးလေးတို့က အချွန်နဲ့မဟုတ်ဘူး သံစူးလုံးနဲ့ မထားတာကိုဗျ…:))

မိုးထက်အိမ်က တဂ်ထားလို့သာ မဖြစ်မနေ ရေးထားရပေမယ့် အဓိပ္ပါယ် နက်နဲကျယ်ပြန့်တဲ့ ခေါင်းစဉ်အတွက်
ခေါင်းကြီးတယ်ဗျာ။ ခေါင်းစဉ်ရဲ့ အဓိပ္ပါယ်အောက်က သွေဖယ်မသွားစေဖို့နဲ့ ကိုယ်ပေးချင်တဲ့ အရာကို စာဖတ်သူဆီ
ရောက်အောင်ပို့ဖို့ကို အတော်လေး ချိန်ဆပြီးတော့ သတိထားရေးထားရတယ်။ ကိုယ်ရေးတဲ့စာ ကိုယ်တာဝန်ယူရမှာကိုးဗျ။
ဘယ်လောက်ပဲကြိုးစားကြိုးစား လိုအပ်ချက်တွေကတော့ ရှိနေဦးမှာပါပဲ…
ရှေ့ကလူများဖြစ်တဲ့ မိုးထက်အိမ် နဲ့ ကိုပြည့်ဖြိုး တို့ရဲ့ အရေးအသားကို မမှီခဲ့ဘူးဆိုရင် ကိုယ့်ရဲ့ လိုအပ်ချက်တစ်ခုသာ ဖြစ်ကြောင်း
ကြိုတင် ၀န်ခံထားပါတယ်။

ယုံကြည်ရာ……….
စကားလုံးသုံးလုံးတည်းနဲ့ပဲ ကြိုက်သလောက် ချဲ့ကားတွေးလို့ရတဲ့ အရာပဲဗျာ။ ကဲ…… မိုးထက်အိမ်ရေ….
များလှစွာသော ကိုယ်ယုံကြည်ရာထဲက အရေးပါတယ်လို့ ထင်ရသော ယုံကြည်ရာတွေကို နည်းနည်း ချပြမယ်လေ။

နံပါတ်(၁)ကတော့ မိဘရဲ့ သားသမီးအပေါ်ကို ထားတဲ့ မေတ္တာစိတ်ပါ…..
လုံးဝကို ယုံမှားသံသယမရှိသင့်တဲ့ ယုံကြည်ရာတစ်ခု ဖြစ်ပါတယ်။
မဟာဖိုဝါဒသမားတွေက ပြောတက်ကြတယ်… မိန်းမတွေက မယုံရဘူးတဲ့….
တစ်ချို့သော အမျိုးသမီးဝါဒီတွေကလဲ ပြောတယ်… ယောင်္ကျားတွေက မကောင်းဘူးတဲ့…….
မကောင်းတဲ့ ယောင်္ကျားဟာလဲ သားသမီးအပေါ်မှာတော့ မေတ္တာထားနိုင်တယ်ဗျ။
ထို့နည်းတူ မယုံရဘူးဆိုတဲ့ မိန်းမတွေဟာလဲ သားသမီးအပေါ်မှာ သန့်ရှင်းတဲ့ မေတ္တာကို ပေးနိုင်ကြတယ်။
ချွင်းချက်ဆိုတာတွေကို ဖယ်ထားမယ်ဆိုရင်တော့ မိဘမေတ္တာဆိုတာကို ပထမဆုံး ယုံကြည်တယ်။

နံပါတ်(၂)ကတော့ သွေး………။ သွေးဘယ်လောက်ပဲ ကျဲကျဲ ရေထက်တော့ ပျစ်တယ်ဆိုတဲ့ စကား….။
အဲဒီစကားကို စပြောတဲ့သူက ဘယ်သူလဲဆိုတာ မသိပေမယ့် ကိုယ့်ကို ပြောခဲ့တာကတော့ ညီမလေးပါ။
တစ်ဝမ်းကွဲ အစ်မတွေနဲ့ စိတ်ကတောက်ကဆ ဖြစ်တဲ့အခါတိုင်း သူ ပြောတက်တဲ့ စကားလေးကို ..
လေးလေးနက်နက်နဲ့ ယုံတယ်။ ဟုတ်တယ်ဗျ။ ကိုယ်ကိုယ်ချင်း ဘယ်လောက်ပဲ ရန်စောင်ပါစေ……
ဘယ်လိုပဲ မျက်နှာကြော မတည့်ပါစေ…. သူများနဲ့ ယှဉ်လာရင်တော့ သွေးဆိုတာ စေးသွားတာပဲလေ။
ဒါကြောင့်မို့လဲ ဘေးပြောတာကို မယုံနဲ့ သွေးပြောတာကို ယုံလို့ ပြောကြတာပေါ့ဗျာ။
သို့သော်…. တကယ်ခင်လို့ သတိပေးမယ် ဆွေမျိုးအရင်းထဲက သစ္စာဖောက်တတ်တယ်ဗျ….
လို့ ကိုလေးဖြူ ပြောခဲ့တာကိုတော့ ချန်ထားလို့ မရဘူးပေါ့လေ… (အိုင်စီ ပရိတ်သက်ဗျ လာမငြင်းနဲ့း)

နံပါတ်(၃)ကတော့ ကြိုးစားနေတဲ့သူအတွက် အခွင့်အရေး အမြဲရှိတယ်ဆိုတာကိုပါ။
မမြင်နိုင်တဲ့ ကံကြမ္မာကြောင့် အခွင့်အရေးဆိုတာနဲ့ လွဲချော်ကောင်း လွဲချော်နိုင်ပါတယ်။
သို့သော် တစ်စိုက်မတ်မတ် လုပ်စဉ်အမြဲ ကြိုးစားနေမယ်ဆိုရင်…..
တကယ်လို့များ …. အခွင့်အရေးက တံခါးလာမခေါက်သေးခင်မှာ လိုတဲ့နေရာကို ပြည့်အောင်ဖြည့်ထားမယ်ဆိုရင်………..။
တကယ်လို့များ…. ကိုယ့်ရဲ့ လုပ်ဆောင်နိုင်စွမ်းကို အစွမ်းကုန်အသုံးချမယ်ဆိုရင်……..။
တကယ်လို့များ …… ယုံကြည်ရာ အနာဂတ်ကို အစဉ်အမြဲ ပုံဖော်နေမယ်ဆိုရင်……….။
အခွင့်အရေးဟာ တစ်ပတ်ပြန်လည်လာမှာပဲလို့ ယုံကြည်တယ်ဗျာ။
ကိုယ်ကြိုးစားထားရင် ကြိုးစားထားသလောက် ပိုကောင်းတဲ့ အခွင့်အရေးတွေ ကိုယ့်ကို စောင့်နေတယ်ဆိုတာ ယုံကြည်တယ်။

နောက်ဆုံး ကောက်ချက်ဆွဲကြည့်လိုက်မယ်ဆိုရင်တော့…………..
ခံယူချက်မတူတဲ့ လူတွေမှာ ယုံကြည်ရာတွေလဲ ကွဲလွဲခွင့်ရှိတယ်။ ကွဲလွဲနိုင်တယ်။
သို့သော်… ကိုယ်ယုံကြည်ရာကို အစွန်းရောက် လက်ခံမထားဖို့တော့ လိုမယ်။
အခြေအနေနဲ့ အချိန်အခါကို လိုက်ပြီး ယုံကြည်ရာကို ပြောင်းလဲယူသင့်ရင် ပြောင်းလဲယူရမယ်။
ကိုယ်ယုံကြည်ရာဟာ အမှန်တရား ဖြစ်ချင်မှ ဖြစ်နေလိမ့်မယ်…ဒါကြောင့် ပုံသေစွဲမထားသင့်ဘူး။
ကိုယ်ယုံကြည်ထားသော အရာဟာ ကိုယ်ထင်ထားသလို မဟုတ်ခဲ့ဘူးဆိုရင် အကြီးအကျယ်ခံစားရတယ်ဆိုတာ ကိုယ်တွေ့ဗျ။
ဒါကြောင့် ရောက်နေတဲ့ ကာလနဲ့ ဒေသ အလိုက် ကိုယ်ယုံကြည်ရာကို လိုတိုးပိုလျှော့ လုပ်သင့်တယ်။
လောကဓမ္မနဲ့ ဆန်ကျင့်တဲ့ ယုံကြည်ရာတွေကို နည်းနိုင်သမျှ နည်းအောင် ဆင်ခြင်သင့်တယ်။
ကိုယ်ယုံကြည်ရာသည် ကိုယ့်ဘ၀အတွက် အထောက်အကူပေးနိုင်တဲ့ ခွန်အားဖြစ်နေနိုင်သလို…….
ဘ၀အမှောင်ထဲကို အရောက်ပို့နိုင်တဲ့ တွန်းအားတစ်ခုလဲ ဖြစ်နေနိုင်တယ်…….. ဒါကြောင့်….
အစွန်းနှစ်ဖက်ကနေ လွတ်ကင်းပြီး လက်ရှိအခြေအနေနဲ့ ကိုယ်ယုံကြည်ရာကို ချိန်ခွင်လျှာ ညှိယူနိုင်မယ်ဆိုရင်…
အရာရာတော်တော်များများ အဆင်ပြေသွားလိမ့်လို့လဲ ယုံကြည်ထားကြောင်းနဲ့ အဆုံးသတ်ပါကြောင်း…..

(မိုးထက်အိမ်နဲ့ကတော့ ယုံကြည်ရာတူတာ များပါတယ်။ ဒါကြောင့်လဲ သူတော်ချင်းချင်း သတင်းလွှေ့လွှေ့ ပေါင်းမိတာပေါ့ဗျာ။
အစကတော့ သူနဲ့ အတူတူပါပဲဗျာလို့ ရေးမလို့ပဲဗျ။ သူက မရဘူးဆိုလို့ အဟဲ)
နန်းကလဲ ဒီပို့စ်လေးကို ကိုသစ်ကိုအား ဆက်တဂ်လိုက်ပါတယ်၊ (ကိုသစ်ကိုရေ ဗြမ္မာ့ဦးခေါင်း လွှဲပေးလိုက်ပြီနော်… :) )

Comments (3) »

သူနဲ့ ကျွန်မ

*မျက်နှာမူရာ ဘယ်ဖက်ကိုပဲ လှည့်လှည့်
ချစ်သူရဲ့ ကိုယ်သင်းနံ့ကို မရတာ ကြာပြီ……..။

*အမျိုးသားကောင်း ယောင်္ကျားတို့ရဲ့ ၀တ်စုံကို
ပြည့်စုံလုံခြုံအောင် ၀တ်ဆင်ထားပြီး
ပိရိသေချာတဲ့ နှုတ်ခမ်းပါးတို့က
အပြုံးတုတစ်ခုကို ဖန်တီးကာ
သူ နှုတ်ဆက်သွားတဲ့ အဲဒီညက
ကျွန်မ မျက်ဝန်းမှာ စံပယ်တွေ တလက်လက်ထလို့။

*မိနစ်တွေရဲ့ စက္ကန့်တိုင်းမှာ
အရိပ်လို မခွဲမခွာ ထာဝရအတူနေလိုသူကိုမှ
ကတိ၊ သစ္စာ၊ မှာတမ်းစကားတွေ အထပ်ထပ်ခြွေရင်း
“အသက်“လို့ အဓိပ္ပါယ်ရတဲ့ မြို့လေးဆီကို
လက်မပြပဲ ထွက်ခွာသွားခဲ့သော
သူ………..။

*“နောင်တစ်ချိန်မှာ အတူရှိနေနိုင်ဖို့
တို့တွေ ခဏခွဲကြဦးစို့နော်“
ထိုစကားစုကို
လေးခုမြောက် ပြက္ခဒိန်အား ကြည့်ရင်း
တစ်ခြမ်းမြင့် အပြုံးနဲ့ ရေရွတ်တက်လာခဲ့သော
ကျွန်မ…………။

*လုပ်ငန်းခွင်ရဲ့ တာဝန်နဲ့ ၀တ္တရားကို
မလစ်ဟင်းပဲ တိကျစွာကျေပွန်တက်ပေမယ့်
ချစ်သူထံအား တစ်လတစ်စောင်သော်မျှ
စာမှန်မှန်ရေးဖို့ သတိမေ့ ပျက်ကွက်တက်သော
သူ………….။

*ဒိုင်ယာရီထဲမှာ အနီရောင်ကြက်ခြေခတ်တွေ
တစ်ခုတိုးလာတိုင်း၊ တိုးလာတိုင်း
ကြေကွဲဝမ်းနည်းစွာ ငိုရှိုက်ရာကနေ
အေးစက်ခြောက်ကပ်စွာ ရယ်မောတက်လာသော
ကျွန်မ…………။

*စိတ်ဖိစီးမှုများတဲ့ လုပ်ငန်းခွင်ထဲမှာ
အရာတော်တော်များများကို
မသိဟန်ဆောင် လစ်လျုရှု့တက်လာသော
သူ………
ကျွန်မ ရင်ထဲကို မြင်အောင်လှမ်းမကြည့်ဖြစ်ဘူး။

*အိပ်မပျော်သော ညဖက်တွေရဲ့
တစ်ကိုယ်ရေ လွမ်းဆွတ်မှုတွေမှာ
အေးစက်စေးထန်းတဲ့ လက်အစုံကို
တမ်းတမှုတွေ ပါဝင်တဲ့အကြောင်း………
ကျွန်မ……..
သူ့ကို ပြန်မပြောပြဖြစ်ဘူး။

*”ရှေ့တစ်လှမ်းတိုးဖို့ နောက်နှစ်လှမ်းဆုတ်ရတယ်”တဲ့
ရွေ့လျှားပြောင်းလဲမှုအတွက်
ဖိနပ်အသစ်ကို ချမစီးရဲခဲ့တဲ့
သူ နဲ့ ကျွန်မ ………
ခြေနှစ်လှမ်းကို ပြိုင်တူဆုတ်လိုက်မိတာ
လေးလှမ်းမကဘူး ဝေးသွားခဲ့တယ်။

*ဒီလိုနဲ့ပဲ
နာရီလက်တံတွေရဲ့ ဦးတည်ရာကို
နောက်ကျောပေး ဆန့်ကျင်လိုက်တာ
ပိုနေမြဲ၊ ကျားနေမြဲ အဖြစ်မှာ ဝေးနေဆဲ၊ လွမ်းနေဆဲ……
သူ နဲ့ ကျွန်မ ……….. နှစ်ယောက်သားလေ
…. ပိုနေဝေး၊ ကြာနေဝေး…..။    ။

ရင်ငြိမ်းပန်း (ပခုက္ကူ)

Comments (2) »

တန်ဆာခံ အံစာတုံးလေးများ

တန်ဆာခံ အံစာတုံးလေးများ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

သစ်ရွက်မရှိတဲ့ သစ်ပင်ဟာ သစ်ပင်ပဲ။
သစ်ပင်မရှိတဲ့ သစ်ရွက်ကတော့ အမှိုက်တဲ့။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
တိုးတက်လာတဲ့ ခေတ်စနစ်နဲ့ အညီ ပျက်စီးယိုယွင်းမှုတွေက နောက်က တစ်ပါတည်း လိုက်လာတက်တာလဲ လောကရဲ့ သဘာဝပေါ့။
အရာရာကို စမ်းသပ်စွန့်စားချင်တဲ့ ဆယ်ကျော်သက် အရွယ်တွေ…..
နည်းပညာမြင့် မီဒီယာတွေရဲ့ လွှမ်းမိုးသိမ်းသွင်းမှုအောက်ကို တစ်ဖြည်းဖြည်းနဲ့ ရောက်လာနေပြီ။
လမ်းကြောင်းမှန်ကို ရောက်သွားတဲ့ ကလေးတွေ ရှိပေမယ့် ရေလိုက်လွဲတဲ့ ကလေးတွေ အများကြီးပါ။
ပါတ်ဝန်းကျင်မှာ မြင်နေ၊ ကြားနေရတာတွေလဲ လခြား၊ ရက်ခြားကနေ ခု နာရီလောက်ပဲ ခြားပါတော့တယ်။
အတုမြင် အတက်သင်ဆိုတာ ကလေးတွေအတွက် အများကြီး အရေးကြီးပါတယ်။
အထူးသဖြင့် မိဘရဲ့ အုပ်ထိန်းမှုအောက်ကနေ လွတ်ပြီး အဆောင်နေ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်တွေမှာ ပိုလို့ အရေးကြီးပါတယ်။
ကျောင်းသားအရွယ်၊ လူငယ်ဆိုတာ ပျော်ချင်တယ်၊ ပါးချင်တယ်၊ လွတ်လပ်ချင်တယ်…. ဒါ သဘာဝပဲ။
ဒါပေမယ့် အရာရာတိုင်းမှာ အကန့်အသတ်ရှိတယ်။ လိုအပ်တာထက် ပိုလာရင်တော့ ဒါဟာ အန္တရာယ်ကို ဖိတ်ခေါ်နေခြင်းပဲ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဂိမ်းဆော့တယ်ဆိုတာ ဦးဏှောက်ကို အလုပ်ပေးတာ၊ စဉ်းစားနိုင်တဲ့ ညဏ်ရည်ကို မြှင့်ပေးတာ။
ဒါကြောင့် အသက်အရွယ်ကြီးရင့်တဲ့ သူတွေကိုတောင် တစ်နေ့တစ်နာရီ ဂိမ်းဆော့ဖို့ ကျွမ်းကျင်ပညာရှင်တွေက အကြံပေးထားတာပေါ့။
ခုတော့ ကလေးတွေ ဂိမ်းဆော့တာက ပြဿနာတစ်ခုကို ဦးတည်နေပြီ။
အများစုသော ကျောင်းသားတွေ ကျောင်းချိန်ပြင်ပတင် မကတော့ပဲ ကျောင်းချိန်မှာပါ ဂိမ်းဆိုင်မှာ ရောက်နေကြတယ်။
အတန်းမတက်ရုံတင်လားဆိုတော့ ထမင်းမေ့၊ ဟင်းမေ့ကို ညလုံးပေါက် ကစားတဲ့သူက များနေတယ်။
အတန်းပညာကို ထိခိုက်ရုံသာမက၊ ကျန်းမာရေး၊ လူမှုဆက်ဆံရေးတွေကိုပါ ထိပါးလာနေတယ်။
တစ်ချို့ဆေးကျောင်းသားတွေ၊ ကွန်ပျူတာကျောင်းသားတွေ၊ နည်းပညာကျောင်းသားတွေ….. ကျောင်းသားတွေဟာ
ခုဆို ဂိမ်းကျောင်းသားလို့ ခေါ်ရမတက် ကျောင်းထက် ဂိမ်းဆိုင်မှာသာ အနေများနေကြတယ်လေ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဒီပြဿနာကို မဖြေရှင်းရသေးခင်မှာပဲ အင်တာနက်အသုံးပြုမှုက တွင်ကျယ်လာတယ်။
လူငယ်လူရွယ်တွေတင် မဟုတ်တော့ဘူး အသက်အရွယ်မရွေး အင်တာနက်ကို စိတ်ဝင်စားလာတယ်။
မီဒီယာရဲ့ ဆွဲဆောင်မှုက သိပ်ကို ကောင်းလွန်းတာကိုး………….။
ကိုယ်တိုင်တောင် တစ်နေ့ကို သုံးနာရီလောက် အင်တာနက် သုံးဖြစ်နေတာလေ။
တကယ်တမ်း အသုံးချမယ်ဆိုရင် သုံးနာရီဟာ ဒေတာရှာပြီး ဒေါင်းလုဒ် လုပ်ဖို့လောက်ပဲ ရှိပါတယ်။
အိမ်ကျမှ အသေးစိပ် ပြန်ဖတ်ရတာဗျ။
ဒါပေမယ့်…….. အင်း ဒါပေမယ့်ဆိုတာက မသုံးချင်ပေမယ့် အများဆုံးသုံးနေရတဲ့စကားဖြစ်နေတယ်ဗျာ။
ခက်တာက အများစုက အင်တာနက်ဆိုရင် ချက်မယ်ဆိုတာလောက်ပဲ သိကြတော့တယ်။
ဒီမှာလဲ အပြုသဘောထက် အပျက်သဘောကို လမ်းကြောင်းက စောင်းနေတယ်။
ဒါကိုလဲ ပြဿနာတစ်ခုအနေနဲ့ သတ်မှတ်ထားကြပေမယ့် ဖြေရှင်းဖို့ နည်းလမ်း မတွေ့ကြသေးဘူး။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
မီဒီယာတွေရဲ့ ဘေးထွက်ဆိုးကျိုးထဲမှာမှ……..အဆိုးဆုံးကတော့………… အတူနေချစ်သူတွေ များလာတာပဲ။
အနောက်နိုင်ငံတွေမှာ အတူနေချစ်သူတွေ ရှိကြတာ မထူးဆန်းဘူး၊ ပြဿနာ မဟုတ်ဘူး။
သူတို့ဆီမှာ လိင်ကိစ္စနဲ့ ပါတ်သက်ပြီး ပညာပေးစံနစ်တွေ ရှိတယ်။ အသိညဏ်တွေ ပေးထားတယ်။ တရားဝင် ခွင့်ပြုထားတယ်။
မြန်မာမိသားစုတွေ အစဉ်အလာက ဖွင့်ပြောရတဲ့ ကိစ္စ မဟုတ်ဘူးလို့ သတ်မှတ်ထားကြတာ။
မိဘနဲ့ သားသမီးကြားမှာ ပြောအပ်တဲ့ ကိစ္စ မဟုတ်ဘူးလို့ ယူဆထားကြတာ။
ဒီတော့……….ကလေးတွေမှာ လုံလောက်တဲ့ အသိညဏ် မရှိဘူး။ ပြည့်ပြည့်၀၀ နားလည်သဘောပေါက်မှု မရှိကြဘူး။
သို့သော်…. စူးစမ်းချင်တဲ့ အရွယ်မှာ မီဒီယာတွေရဲ့ ဆွဲဆောင်မှုနဲ့…….. ကလေးအချို့ လမ်းကြောင်းမှားကြတယ်။
”မှားတော့ ဘာဖြစ်လဲ….. ကိုယ်ဖြစ်ကိုယ်ခံပေါ့… ခင်ဗျား အပူမပါပါဘူးလို့” တော့ အပြောခံရဖူးတယ်။
ဟုတ်ပါပြီ….ဒါပေမယ့် (သုံးရပြန်ပြီဗျာ)….. ကိုယ်ဖြစ်တာ ကိုယ်တစ်ယောက်တည်း ခံရတာမှ မဟုတ်ပဲလေ…။
လိုအပ်တဲ့ အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ အသိညဏ် မရှိပဲ.. ကိုယ်ထင်ရာ ကိုယ်လုပ်ကြတော့ မလိုလားအပ်တဲ့ ပြဿနာက ရှိလာပြီ။
ကဲ ဘယ်လိုများ ဖြေရှင်းကြသလဲ………။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
အတူနေတုန်းကတော့ ဘာမှမစဉ်းစားမိဘူး။
သူကလဲ ကိုယ့်ကိုချစ်တယ်၊ ကိုယ်ကလဲ သူ့ကို ချစ်တယ်။ ဒါဆို ပြီးပြီပေါ့. လို့ ခပ်တိမ်တိမ် တွေးတဲ့သူကလဲ မနည်းဘူးလေ။
ဒါဆို အချိန်တန်လို့ လက်ထပ်ယူမယ်ဆိုတော့….. သူ မပြည့်စုံ။ ကိုယ်မပြည့်စုံ။ ပညာက တစ်ပိုင်းတစ်စ၊ အသက်က မပြည့်။
အဲဒီမှာ unwanted baby ဆိုတာ ဖြစ်လာရော……။
ရက်စက်ကြမ်းကြုတ်တယ်ဆိုတဲ့ နည်းလမ်းပေါင်းစုံနဲ့ ဖြေရှင်းကြတယ်။
ယဉ်မင်းဦး (ဆေးတက္ကသိုလ်) ရဲ့ အက်တိုးပစ် အပျိုစင် ဆိုတဲ့ စာအုပ်မှာ ရေးထားတာတွေက……..
တကယ့်အပြင်လောကမှာ ဖြစ်ပျက်နေတာလေးတွေပါ။ အခန့်မသင့်ရင် အသက်ကိုပါ ဆုံးရှုံးသွားနိုင်တာတွေပါ။
(မဖတ်ရသေးသူများ ရှာဖတ်ဖို့ တိုက်တွန်းပါသည်)
နုနယ်တဲ့ အရွယ်မှာ မှားတက်ကြပါတယ်။ မှားတယ်ဆိုတာကိုက လူ့သဘာဝ ဖြစ်နေတာကိုး။
သို့သော်….. အဲဒီသို့သော်က တော်တော်လေး ကြီးမားပါသည်။
မထွေးနိုင်၊ မမျိုနိုင်ဘ၀တွေမှာ……တန်ဆာခံခဲ့ရတဲ့ အန်စာတုံးလေးတွေ များစွာ ရှိလာရသည်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
သားသမီးဆိုတာ မိဘရဲ့ ကောင်းမွေကို ခံစားထိုက်မှ ခံစားရပေမယ့် ဆိုးမွေဆိုတာကိုတော့ မွေးရာပါ ခံစားရတဲ့သူတွေပါ။
”ဒီကောင့်သား ဒီကောင်လိုပဲ လာမှာပဲ… မအေသမီး မအေအတိုင်း နေမှာပေါ့…. ”ဆိုတာတွေက ကြားဖူးနေကြနေမှာပါ။
မိဘက သားသမီးကို ရွေးချယ်ခွင့် ပြုလုပ်နိုင်ပေမယ့် သားသမီးဆိုတာ မိဘကို ရွေးချယ်ခွင့် မရှိဘူးလေ။
သားသမီးကို မိဘတွေက ပုံသွင်းယူလို့ ရနိုင်သေးတယ်ဗျ။ ရာခိုင်နှုန်းတော်တော် များပါတယ်။
ဒါပေမယ့်(သုံးရပြန်ပြီ) မိဘဆိုတာကို သားသမီးက ကောင်းကောင်းဆိုးဆိုး မိဘပဲ မဟုတ်လား။
မြန်မာမိသားစုတွေရဲ့ ထုံးတမ်းအစဉ်အလာအရ အထက်လူ၊ အကြီးလူကို ပြန်ပြောခွင့် မရှိကြဘူး။
ကလေးတွေဟာ ခေါက်ပြီး ပစ်လိုက်တဲ့ အံစာတုံးလေးတွေလို…..ဘယ်မိဘနဲ့ ဆုံရမလဲဆိုတာ ဘုရားမှလွဲပြီး ကြိုမသိနိုင်ဘူးလေ။
ရှေးရှေးဘ၀က ကုသိုလ်ကံနဲ့ ဆိုင်တယ်ဆိုပေမယ့် လက်ရှိဘ၀မှာ ကြုံနေရတဲ့ မိဘရဲ့ စိတ်နေသဘောထားပေါ်မှာပဲ
ကလေးတစ်ယောက်ရဲ့ ကံကြမ္မာက မူတည်နေတယ်ဆိုတာ ဘယ်သူမှ ငြင်းနိုင်မယ် မထင်ပါဘူး။
သူ့သွေးကနေ ကိုယ်သားဖြစ်လာတဲ့ ကလေးငယ်တွေကို ပစ်ခဲ့ရတဲ့ မိခင်တို့ရဲ့ စိတ်အခက်အခဲကို လှမ်းမြင်နိုင်ပေမယ့်…..
(ပြောလာမှာဗျ ဘယ်သူကတော့ ကိုယ့်ကလေးကို ပစ်ချင်မှာလဲ မဖြစ်လို့သာပေါ့ ဆိုတာတွေလေ..)
တကယ်ဆို အစကတည်းက ထိန်းသိမ်းသင့်တာလားလို့ ပြောချင်တယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ပြောရရင်တော့ ကိုယ့်ပေါင်ကိုလှန်ထောင်းရသလိုပါပဲ……. မိန်းကလေးတွေကိုပဲ အပြစ်တင်ချင်တယ်။
ယောင်္ကျားလေးဆိုတာကတော့ ရရင် ရသလောက် ယူမှာပဲဗျ။
(စော်ကားတာ မဟုတ်ပါ၊ ကိုယ့်မောင်၊ ကိုယ့်အစ်ကိုက အစ မြင်ဖူးပြီးသားမို့ပါ…)
ရှေးတုန်းကလို သုံးနှစ်သုံးမိုးစောင့်ပြီး ၊ ဆယ်နှစ်ဆယ်မိုး ရှိမှ လက်ထပ်ဖို့ ပြောတာမဟုတ်ပါ။
ခေတ်အရ မြင်မြင်ချင်းလဲ ချစ်နိုင်ပါသည်။ မမြင်လဲပဲ ချစ်နိုင်ပါသည်။ အသံလေးနဲ့လဲ ချစ်လို့ ရပါသည်။
အသည်းပေါက်မတက် ချစ်တယ်ပြောပြော၊ အသက်ထက် ချစ်တယ်ပြောပြော…..ဘယ်လိုပုံစံမျိုးနဲ့ ဖြစ်စေ. ချစ်လို့ ရပါသည်။
သို့ပေသိ(ဒါပေမယ့် မသုံးချင်တော့လို့ဗျ)………လက်မထပ်ခင်အချိန်ထိတော့…………
မိန်းကလေးများ ကိုယ့်ကိုကိုယ့် စောင့်ရှောက်စေချင်ပါသည်………တန်ဖိုးထားစေချင်ပါသည်…….. တင့်တယ်စေချင်ပါသည်………………။
(ကိုယ့်ကိုကိုယ်မှ တန်ဖိုးမထားပဲ တခြားလူက တန်ဖိုးထားမှုကို မမျှော်လင့်ပါနဲ့တော့)
ပြောသံကြားဖူးပါသည်။ ယောင်္ကျားတွေက အိုင်တွေ့ရင်ခြေဆေးတက်ကြသည်တဲ့။
ဒါက ကိုယ်က အိုင်အမျိုးအစား ဖြစ်နေရင်တော့ အဆေးခံရကောင်း ခံရပါလိမ့်မည်။
တစ်ကယ်လို့သာ ကိုယ်က သောက်ရေ ဖြစ်နေရင်တော့ လွယ်လွယ်ကူကူတော့ ခြေဆေးခံရလိမ့်မည် မဟုတ်ပါ။
ထို့ကြောင့် မိမိကိုယ်မိမိ ခြေဆေးစရာ အိုင်အဖြစ် မရောက်အောင် ဆင်ခြင်ထိန်းသိမ်းစေချင်ပါသည်။
”မှားတက်တာက လူ့သဘာဝ၊ အမှားနည်းတာ လူ့အရည်အချင်း” ဆိုတာ သိစေချင်ပါသည်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
အဓိက ပြောချင်တာကတော့ ………
ကမ္ဘာ့ရွာကြီးထဲမှာ…….အိုင်စီတီခေတ်ကြီးထဲမှာ…..မီဒီယာလောကကြီးထဲမှာ…….
အင်တာနက်အ၀န်းအ၀ိုင်းကြီးထဲမှာ……အံစာတုံးလေးတွေ တန်ဆာခံ မဖြစ်စေချင်ဘူးဗျာ..။
ဒါဟာ လက်သီးတစ်ဆုပ်စာ ဦးဏှောက်လေးနဲ့ စဥ်းစားပြီး လက်တစ်ဝါးစာ ရင်ဘတ်ထဲက ….
ကမ္ဘာကြီးလောက် ကြီးမားသော ဆန္ဒတစ်ခုလို့ပဲ ယူဆပါစို့..။
”အံစာတုံးလေးများ တန်ဆာခံဘ၀က လွတ်ကင်းကြပါစေ………….”
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
(ကိုယ်ကိုတိုင်က တော်လွန်း၊ တက်လွန်း၊ သိလွန်း၍ ပြောနေခြင်း မဟုတ်ပါ။
ကြုံခဲ့၊ ကြားခဲ့၊ မြင်ခဲ့ရသမျှကို တက်နိုင်သလောက် လက်ဆင့်ကမ်းခြင်း ဖြစ်ပါသည်။
ကိုယ်တိုင်လဲ perfect ဖြစ်သူ မဟုတ်ပါ။ ကြိုးစားဆဲ အဆင့်သာ ဖြစ်ပါသည်။
လူဆိုတာ ကိုယ့်ခံယူချက်နဲ့ ကိုယ်တွေမို့ ကြိုက်သလို သဘောထား ကွဲလွဲခွင့်ရှိပါသည်။
စိတ်ကြိုက် ဝေဖန်ခွင့်ရှိပါသည်။ အဆင်ပြေသလို ဆင်ခြေပေးခွင့်ရှိပါသည်။
အပြုသဘောကိုဆောင်၍ ဒီပို့စ်လေးအား တင်ခြင်းဖြစ်ပါသဖြင့်….မိမိကိုယ်ကို လိပ်ပြာသန့်ပါသည်။
တက်နိုင်သမျှ လက်ဆင့်ကမ်း ပြောပေးဖို့လဲ တိုက်တွန်းပါသည်။
မည်သို့ မှတ်ချက်မျိုးမှ မပေးသည့်တိုင်အောင် ဆုံးအောင်အထိ ဖတ်ပေးသူများအား ကျေးဇူးတင်ပါသည်။)
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

လေးစားစွာဖြင့်……

နန်းလေပြေနု

Leave a comment »

အမှတ်တရာရှိသော အကြောင်းအရာများ……….

အမှတ်တရဆိုတာ ဘာကို ပြောတာပါလိမ့်……။
အဖြစ်အပျက်၊ အကြောင်းအရာ၊ နေရာဒေသ၊ နေ့စွဲ၊ စိတ်ခံစားမှု၊ လူပုဂ္ဂိုလ် ဒါမှမဟုတ် ပစ္စည်းတွေလား…….။
လူတစ်ယောက်အတွက် အမှတ်တရ ရှိခဲ့တဲ့ အရာဟာ သူနှစ်သက်သော ပစ္စည်းကို လက်ဆောင်ရတဲ့နေ့
ဒါမှမဟုတ် ဆုံးရှုံးလက်လွှတ်ရတဲ့နေ့ ဖြစ်နေနိုင်တယ်။ နေရာဒေသ တစ်ခုဟာလဲ အမှတ်ရစရာ ပဲပေါ့။
ပျော်ရွှင်မှုတွေ ရရှိပိုင်ဆိုင်တဲ့နေ့ကို အမှတ်ရနေနိုင်သလို ၀မ်းနည်းနာကျင်ခံစားခဲ့ရတာကလည်း အမှတ်တရ ဖြစ်နေနိုင်တာပဲလေ….။
ကိုယ့်အပေါ်မှာ ဂရုစိုက် ကြင်နာတဲ့သူကို အမှတ်ရတက်သလို စိတ်နာကျည်းမှုတွေ ပေးတဲ့သူကိုလဲ မမေ့တက်ကြဘူးပဲ။
ကျွန်မအတွက် အမှတ်တရတွေကရော ဘာတွေများလဲ……တွေးကြည့်မိတယ်။
အခုအသက်အရွယ်အထိ ဖေဖေရဲ့ အရိုက်ကို သုံးခါတိတိ ခံခဲ့ရဖူးပါသည်။
မှတ်မှတ်ရရ…… ကလေးဘ၀က မေမေ့လက်ပတ်နာရီကို ယူဝတ်ပြီး သူငယ်ချင်းများနဲ့ ပျော်ပွဲစားတမ်းကစားတုန်း
ငရုပ်သီးထောင်းလိုက်တာ နာရီတစ်ခုလုံး ညက်ညက်ကြေ သွားစဉ်က တစ်ခါ။ (မငိုဘူးတဲ့ဗျ အကြောကတင်းတယ်နော်)
ကျန်တဲ့ နှစ်ကြိမ်ကတော့ အငယ်လေးကို မရိုက်အောင် ၀င်ပြောမိလို့ချည်းပါပဲ။ (မိဘကို ဆရာပြန်လုပ်လို့ ဆိုလား……)
အဲလောက်အထိ ချစ်ခဲ့ရတဲ့ ညီမလေးကို ကုတင်ပေါ်က တွန်းချခဲ့ဖူးတာကလဲ အမှတ်တရပေါ့။
(တကယ်တော့ တမင်မဟုတ်ပါဘူး လက်လေးနဲ့ တွန်းလိုက်တာ..အတွင်းအားက ကောင်းလွန်းတော့ ပြုတ်ကျသွားတာပါ :) )
မိန်းမမဟုတ် ယောင်္ကျားမဟုတ်နဲ့ သိုင်းချတမ်းကစားတာ ခုနှစ်တန်းနှစ် အတန်းတင် စာမေးပွဲအတွက် ခုံစီသောနေ့မှာ
လက်ကျိုးခဲ့တာကလဲ အမှတ်ရစေတာပဲ။ (ရှောင်လင်မင်းသားလေးဇာတ်လမ်းတွဲ လာတုန်းကပေါ့ဗျာ)
ဆောင်းတွင်းတစ်မနက်မှာ ညီမနှစ်ယောက် စာထကျက်ရင်း စောင်ခြုံကိုယ်စီနဲ့ သိုင်းချကြတာ……
စိတ်ထဲမှာတော့ ၀တ်ရုံကြီးတွေ တစ်ဖါးဖါးပေါ့……….။ ၀ှီးကနဲ ၀ှီးကနဲ……စောင်တွေကို ဝေ့ကာရမ်းကာနဲ့ သိုင်းကစားကြတာ…….
ချလွမ်……ချွမ်….ခွမ်…….အသံမျိုးစုံ ထွက်လာမှပဲ နှစ်ယောက်သား ဂုတ်ပု၊ လျှာထုတ်ပြီး ၀ပ်သွားကြတာ။ :)
စောစောစီးစီး မေမေ က ထိုင်ငိုပါလေရော…….
”မိန်းကလေးတွေ ဖြစ်ပြီး သိုင်းချတမ်း ကစားကြတာတဲ့ အောင်မလေး စိတ်ညစ်တယ်……
စာတော်ကြတာကလွဲပြီး ဘာမှကို သုံးမရကြဘူး…….”
ဘာညာသရကာနဲ့ အရင့်အရင်က အပြစ်တွေပါ ပါလာတာပေါ့ဗျာ။ ငိုမှာပဲဗျ…..ဖန်ခွက်က တစ်လုံးမှမှ အကောင်းမကျန်တာကိုး……။
ခဏကြာတော့ တစ်လမ်းကျော်က သူငယ်ချင်းဆီကို ကျွန်မသွားတယ်။
”ငါ….မေမေ့ကို ဖန်ခွက်တွေ ပြန်ဝယ်ပေးချင်တယ်ဟာ ဘယ်လိုလုပ်ရမလဲ….” ဆိုပြီး ရေချိုးနေတဲ့ သူငယ်ချင်းနားမှာ ရေစိုခံပြီး မျက်နှာငယ်လေးနဲ့ပေါ့။
သူငယ်ချင်းကလဲ အကြံကောင်းကို ပေးလိုက်တာပါ ”နင့်အမေဆီက ပိုက်ဆံတောင်းလိုက်ပေါ့…”တဲ့။
အူကြောင်ကြောင်နဲ့ ကျွန်မက အမေဆီမှာ ပိုက်ဆံတောင်းတဲ့အခါ..ခေါင်းခေါက်ခံခဲ့ရတာကိုလဲ ခုထိ အမှတ်ရနေမိတယ်။
ကျွန်မဆိုတာက ငယ်ငယ်လေးကတည်းက စာကျက်မယ်၊ စာလုပ်မယ်၊ စာရေးမယ်၊ စာဖတ်မယ် နဲ့ ကြိုးစားတယ်လို့ နာမည်ရခဲ့သူပါ။
(စာကျက်နေရင် အိမ်က ဘာမှမှ မခိုင်းတော့ဘူးလေ….:) မေမေကို ပြန်မပြောကြေး )
နှစ်စဉ် ဆုတွေ ရခဲ့တဲ့ ကျွန်မက ငါးတန်းနှစ် လပါတ်စာမေးပွဲမှာ ဖျားနေလို့ အဆင့်(၁၃)ရတာကို ရှိုက်ကြီးတငင်နဲ့ ငိုခဲ့ဖူးတယ်။
တက္ကသိုလ်ဝင်တန်းမှာ ဂုဏ်ထူးတစ်ခုတည်းပါလို့ အိမ်မပြန်တော့ဘူးဆိုပြီး နံရံနဲ့ ခေါင်းနဲ့ ဆောင့်ကာ သေကြောင်းကြံခဲ့တာလဲ ကျွန်မပါ။
ရိုးရိုးပဲအောင်တဲ့ ကျွန်မသူငယ်ချင်းမကို သူ့အိမ်က ဂုဏ်ပြုတဲ့အနေနဲ့ ကွန်ပျုတာ ၀ယ်ပေးတဲ့အချိန်မှာ…….
မှန်းထားသလောက် ဖြစ်မလာခဲ့တဲ့ ကျွန်မကို ဖေဖေက သုံးလလောက် စကားမပြောခဲ့တာကလဲ အမှတ်တရ ဖြစ်စေတယ်။(T_T)
အဲလောက်အထိ စာမေးပွဲရလဒ်တို့၊ အဆင့်တို့ကို တန်ဖိုးထားတဲ့ ကျွန်မ…….
တက္ကသိုလ်တက်တဲ့အချိန်မှာ…. ရိုးဝမ်းရဖို့ မလိုပါဘူး……. တကယ်တက်ရင် ပြီးတာပဲလို့ ကြွေးကြော်ခဲ့သေးတာ။
(ပြီး….တကယ်လဲ မတက်ခဲ့ပါဘူး……:))
ကျောင်းတက်မယ်၊ စာလုပ်တယ်ဆိုတဲ့သူ ဖိုင်နယ်မှာ ကျောင်းခေါ်ချိန်မပြည့်လို့ လက်မှတ်ထိုးခဲ့ရတုန်းက အားလုံးထဲမှာ
မိန်းကလေးက ကိုယ်တစ်ယောက်တည်း ဖြစ်နေခဲ့တာကိုလဲ မှတ်မိပါရဲ့။
အမှတ်ပြည့်နီးပါး ရမှ ဖြေနိုင်တယ်လို့ သတ်မှတ်ထားတဲ့သူက
ဂျပန်ဘာသာ အရည်အချင်းစစ် စာမေးပွဲ ကျစဉ်က ၀မ်းနည်းမနေခဲ့တာကလဲ အမှတ်တရတစ်ခုပဲ ထင်ပါရဲ့…။
အင်း……တွေးကြည့်မှ အမှတ်တရတွေက တော်တော်များတာပဲကိုး…။
အမှတ်တရဆိုတာက…….အဖြစ်အပျက်၊ အကြောင်းအရာ၊ နေရာဒေသ၊ နေ့စွဲ၊ စိတ်ခံစားမှု၊ လူပုဂ္ဂိုလ်နဲ့ ပစ္စည်းတွေပဲပေါ့လေ။
သာယာပျော်မြူးဖွယ်ရာတွေ၊ စိတ်ညစ်ညူးဖွယ်ရာတွေ၊ ရယ်ရွှင်ဖွယ်ရာတွေ၊ ငိုကြွေးပူဆွေးစရာတွေ…
လွမ်းဆွတ်ဖွယ်ရာတွေ၊ မေ့ပျောက်ဖွယ်ရာတွေ……. အားလုံး အားလုံး ရောပြွန်းနေတာကိုက ဘ၀ရဲ့ အမှတ်တရတွေပါ.။
ကွန်ပျူတာရဲ့ မန်မိုရီလို Format ချမရနိုင်တဲ့ လူတွေရဲ့ ဦးဏှောက်အသိညဏ်ထဲမှာ ကြုံခဲ့သမျှတွေဟာ အမှတ်တရချည်းပါပဲလေ။
တိုက်ဆိုင်မှုတွေ ကြုံတဲ့အခါတိုင်း အမှတ်တရ ဖြစ်တတ်ကြတာကိုက အမှတ်တရတစ်ခု ဖြစ်နေလေရဲ့….။

Leave a comment »

သံယောဇဉ်ဆိုတာ သကြားလုံးတစ်မျိုးပဲ… အချိုကြိုက်တဲ့သူဟာ တစ်နေ့မှာတော့ သွားပိုးစားခံရမှာပဲမဟုတ်လား

လူရယ်လို့ ဖြစ်လာရင် သံယောဇဉ်ဆိုတာ ရှိတက်ကြတာချည်းပါပဲ။
မိသားစု သံယောဇဉ်၊ မောင်နှစ်မ သံယောဇဉ်၊ သူငယ်ချင်း သံယောဇဉ်၊ ချစ်သူ ရည်စားအပေါ်ထားတဲ့ သံယောဖဉ်……..
နောက်ဆုံး အိမ်မှာမွေးထားတဲ့ ခွေးလေးတွေ ကြောင်လေးတွေ…..အတွက် သံယောဇဉ်.။
ဘယ်သူမှတော့ သံယောဇဉ်မကင်းတက်ကြပါဘူး။
အဲဒီအထဲမှာ ကိုယ်ကပဲ ပိုလို့ သံယောဇဉ်ကြီးတက်တဲ့သူပဲလားတော့ မသိဘူးဗျ။ အမြဲ သွားပိုးစားခံရတယ်။
ကိုယ်ကလဲ ကိုယ်ပါပဲလို့ ပြောရမှာပါပဲ…။
လေးယောက်ပဲ ရှိတဲ့ မိသားစုလေးမှာမှ မိဘကို ဘယ်လောက်အထိ သံယောဇဉ်တွယ်လဲ ဆိုရင်………
မိဘနဲ့ ခွဲပြီး ညအိပ်ခရီးဆိုတာ တစ်ညထက်ပိုပြီးတော့ အသက်(၂၀)အရွယ်အထိ မသွားဖူးဘူး။ မသွားနိုင်ခဲ့ဘူး။
ကျောင်းတက်ဖို့ဆိုပြီးတော့ ပထမဆုံးအကြိမ်အဖြစ်နဲ့ မိဘနဲ့ အချိန်ကြာကြာ ခွဲနေရတာ အသက်(၂၀)ကျော်မှလေ။
သုံးယောက်ပဲ ရှိတဲ့ တိုက်ခန်းကျဉ်းကျဉ်းလေးရဲ့ အောက်ထပ်မှာ ညီမလေး မသိအောင် မျက်ရည်ကျ ၀မ်းနည်းတဲ့အထိကို မိဘကို သံယောဇဉ်တွယ်ခဲ့တာ။
အငယ်ရဲ့ရှေ့မှာ ကိုယ်က အဲလိုမဖြစ်သင့်ဘူးဆိုတဲ့ အသိနဲ့ ထိန်းနေရပေမယ့် မေမေနဲ့ဖေဖေ့ကို လွမ်းလို့ စိတ်ဓါတ်တွေ ပြိုလဲခဲ့တာက အကြိမ်ကြိမ်။
သာမန်ဖျားတာလေးကိုတောင် ဖုန်းဆက်ပြီး ပြောတက်ခဲ့တာ၊ ကျောင်းမှာ သူငယ်ချင်းတွေက ဘယ်လိုဆိုတာကအစ မေမေ့ကို ပြောချင်ခဲ့တာ။
အငယ်လေးက မိဘနဲ့ခွဲနေရလို့ တစ်ခါတစ်ခါ လွမ်းတက်တာက လွဲရင် ကိုယ်လို မဖြစ်တက်ဘူးဆိုတာလဲ သိနေတယ်။
ကိုယ်ကိုက သံယောဇဉ် ကြီးလွန်းနေတယ်ဆိုတာလဲ သိနေတယ်။ ဒါပေမယ့် မလျှော့နိုင်ခဲ့ဘူး။
ရလဒ်ကတော့ အိမ်ကိုပဲ ပြန်နေချင်ခဲ့တဲ့အတွက် ပြန်နေခဲ့တဲ့အတွက် သင်တန်းတွေ၊ သူငယ်ချင်းတွေ၊ အခွင့်အလမ်းတွေနဲ့ မျက်ခြေပြတ်ခဲ့ရတာပဲ။
…………………………………………………………………………………………………………………………………………………
သံယောဇဉ်ထားတယ်ဆိုတာကလဲ တစ်ဖက်လူက ကိုယ်လိုမဟုတ်ရင် အတော်ခံစားရတက်တဲ့ အရာပဲဗျ။
ဥပမာ…………….
တစ်ဦးတည်းသော ညီမလေးဗျာ။ သူ့သံယောဇဉ်နဲ့ သူနဲ့ကျောင်းအတူတူ တက်ချင်လို့ဆိုပြီးတော့ လာခဲ့တဲ့ မန်းလေးပါ။
စရောက်တဲ့ ပထမဆုံးညမှာပဲ အဲဒီသံယောဇဉ်ဒဏ်ကို ခံစားရတာပဲဗျ။
အိပ်မယ်ဆိုပြီး အပေါ်ထပ်ကို တက်တော့လေ…….. သူက သူ့သူငယ်ချင်းမနဲ့ အိပ်နေတာ။
သဘောကတော့ ကိုယ်က တစ်ယောက်တည်း အိပ်ရမယ်ပေါ့။
မပြောရက်၊ မဆိုရက်ဆိုတော့လဲ ခြင်ထောင်ထဲမှာ တိက်တိက်လေး ငိုရတာပေါ့လေ။
အင်း……. သူကတော့ ခံစားမိမယ် မထင်ပါဘူး။ သိခဲ့လိမ့်မယ်မဟုတ်ဘူးလို့လဲ ထင်ပါတယ်။
ဒါလဲပဲ ကိုယ်က သံယောဇဉ်ကြီးမိတဲ့ အပြစ်ပါပဲ။ သူလိုသာ သံယောဖဉ် နည်းပါးခဲ့မယ်ဆိုရင် ငိုစရာ ဘယ်ရှိမလဲလေ။
သိပေမယ့်လည်း သံယောဇဉ်ဆိုတာ ဖြတ်ရခက်တဲ့ အမျိုးပေပဲဗျ။
အခုအချိန်ထိ ကိုယ့်ရင်ရိပ်ရဲ့ အဝေးမှာ သူ့ဘ၀နဲ့ သူ ဖြစ်နေတဲ့တိုင်…….
မနက်၊ မနက် အိပ်ယာမှ နိုးပါ့မလား။ မနက်စာကို စီစဉ်ပေးတဲ့သူ မရှိရင် စားဖြစ်ပါ့မလား။ ကျောင်းမှာရော သူငယ်ချင်းတွေနဲ့ စိတ်ကောက်နေမလား။
ထီးယူဖို့ မိုးကာဝတ်ဖို့ ပျင်းတဲ့သူကို မိုးရွာတဲ့အခါ နောက်ကနေ လိုက်ပေးတဲ့သူ မရှိတဲ့အခါ မိုးမိနေမလား။
အခန်းထဲတင် ဖြစ်ပေမယ့် ညဖက်ရေအိမ်ဝင်တဲ့အခါ လိုက်ခဲ့ပေးတဲ့သူ မရှိခဲ့ရင် ကြောက်နေမလား။
………..မလား။ …………မလား အတွေးတွေနဲ့ စဉ်းစားမိတိုင်း သွေးတိုးလာတဲ့အထိ ပူနေမိတယ်။
ဒါလဲ ကိုယ့်ဒုက္ခ ကိုယ်ရှာတာလို့ ပြောရမှာပဲပေါ့လေ။ သံယောဇဉ်ကြီးတာကိုး။
……………………………………………………………………………………………………………………………………………………………
နောက်……….သူငယ်ချင်းတွေ……….။
မူလတန်းကနေ ခုအတန်းအထိ မြို့နှစ်မြို့၊ ကျောင်းခြောက်ကျောင်း သင်တန်းပေါင်း များစွာ ပြောင်းတက်ခဲ့ပြီးပါပြီ။
ဘယ်ကျောင်း၊ ဘယ်သင်တန်းက သူငယ်ချင်းနဲ့မှ အတွဲမပြတ်ခဲ့ဘူး။ မောင်နှစ်မနည်းတဲ့သူဆိုတော့ သူငယ်ချင်း မင်တယ်ဗျ။
စိတ်ခဏခဏ ကောက်တက်တာက လွဲရင် သူငယ်ချင်းတိုင်းရဲ့ အပေါ်မှာ တော်တော်လေး ခင်တက်တာ။
မေမေ ပြောသလိုဆိုရင်တော့ အိမ်ကျယ်။ အိမ်မှာသာ အသံကျယ်တာ။ သူငယ်ချင်းနဲ့ဆိုလို့ကတော့ မုန့်ပေးပေါင်းတက်တဲ့သူပေါ့။
လူ့အပိုင်းအခြား အသက်ကိုသာ ကျော်တော့မယ် ခုထိ မရင့်ကျက်နိုင်သေးဘူးလို့ ပြောရင်လဲ ခံရမှာပဲ။
သူငယ်ချင်း သီချင်းတွေကို ကြားတိုင်း၊ ကျောင်းတော်ကြီး သီချင်းကို ကြားတိုင်း၊ သူငယ်ချင်းတွေနဲ့ ခွဲရတိုင်း ခုထိ ငိုမိတုန်းပဲလေ။
ဘယ်လောက်ပဲ ခင်မင်ပါစေ အချိန်တန်တော့ ကိုယ့်ဘ၀နဲ့ကိုယ် သူ့ဘ၀နဲ့သူ ဆိုတာ သိထားပေမယ့်လည်း……..
ချည်မိတဲ့ သံယောဇဉ်ကြိုးတွေကို မဖြည်ရက်နိုင်သေးဘူးလေ။
အိမ်ထောင်ကျသွားတဲ့ သူငယ်ချင်းတွေ တော်တော်များလာနေပြီ။ လက်ဖွဲ့ပို့ဖြစ်ပေမယ့်လည်း ဘယ်သူ့အခမ်းအနားကိုမှ မတက်ဖြစ်သေးဘူး။
နီးလာတာနဲ့ ခရီးထွက်သွားတာပဲ။ မခံစားနိုင်ဘူးဗျ။
ကိုယ့်အနီးကနေ သူငယ်ချင်းက ထွက်သွားတော့မှာ၊ အရင်လို ငါနဲ့သွားအတူ၊ လာအတူ လုပ်နိုင်တော့မှာ မဟုတ်ဘူး။ တဖြည်းဖြည်းနဲ့ ဝေးရတော့မှာ။ဆိုတဲ့ အတွေးတွေက နှိပ်စက်တယ်ဗျာ။
သူများမင်္ဂလာယူနေတဲ့ အချိန် ကိုယ်က သွားငိုနေလို့လဲ မကိုက်သေးဘူးလေ။
ဒီတော့ ရှောင်နေရတာပေါ့။ (မျောက်မလေး နားလည်နိုင်ပါစေ)
ဒါက သဘာဝပဲ ဆိုတာ သိတယ်။ တစ်ချိန်မဟုတ် တစ်ချိန်ကြုံရမယ်ဆိုတာလဲ နားလည်တယ်။
ခက်တာက သံယောဇဉ်ပဲ။ သူနဲ့ပဲ အမြဲ အခက်တွေ့တွေ့နေရတာ။
………………………………………………………………………………………………………………………………………………………………….
နောက်……မမြင်ဖူးတဲ့ အွန်လိုင်းက သူငယ်ချင်းတွေ။
စာလေးတွေ ရေးရင်း စာလေးတွေ ဖတ်ရင်း ခင်ခဲ့ မင်ခဲ့ကြတာ။ အစကတော့ မသိသာဘူးဗျ။
အဲ….. တစ်ယောက်ယောက်များ နေမကောင်းဖြစ်တယ်တဲ့ ဆိုရင် ဘာမှလုပ်မပေးနိုင်တဲ့နေရာကနေ ပူရပြန်ပြီ။
နွေးနွေးထွေးထွေးနေရဲ့လား….. ရာသီဥတုက ဒီလောက်အေးနေတာကို ခြေအိပ်စွပ်ထားမှပေါ့…….
ချောင်းတွေဆိုးနေတာလား……….လျက်ဆားလေးနဲ့ သံပုရာသီးလေး ဖျော်သောက်လိုက်လေ……..
အာ ထမင်းတွေ မစားသေးနဲ့ဦး……….. အဖျားရှင်းမှ စား………….
ဒီနေ့ ဘယ်လိုနေသေးလဲ…….အဖျားကျရဲ့လား…….. ချောင်းရော ဆိုးနေသေးလား………..
သူငယ်ချင်းတစ်ယောက်ကတော့ မနေနိုင်လို့ ၀င်ပြောပါရဲ့
” နင် မွေးထားတဲ့ သားသမီးတွေ မဟုတ်ဘူး. အဲလောက်ပူမနေနဲ့”တဲ့။
ကိုယ်မွေးထားတာ မဟုတ်ပေမယ့်လဲ ပူမိတာပဲ။
စာမေးပွဲဖြေရတော့မယ် သူငယ်ချင်းဆိုလဲ……..ညဖက် ဖုန်းဆက်လို့ နိုးရပြန်ပြီ။
စာမေးပွဲတွင်းဆို ဘယ်လိုလေး နေနော်….. အိပ်ရေးပျက်မခံနဲ့တော့……. စာကို ဖတ်ရုံပဲဖတ်တော့…….။
အင်း …….. ကိုနီကိုကြီး နေမကောင်းဘူးဆိုပြန်တော့လဲ…..ဘာမှန်းမသိ ညာမှန်းမသိ ပူလိုက်တာပဲ။
ဘာမှမပြောဖြစ်ရင်တောင် သက်သာလားဆိုတာလောက်တော့ သူ့အိမ်သွားချောင်းဖြစ်တယ်။ ဆုတောင်းပေးဖြစ်တယ်………။
မေဘုန်းမြင့်သော်နဲ့ လေတံခွန်တို့ စာမေးပွဲ ဖြေရမယ်ဆိုတော့လဲ ဘာစာမေးပွဲမှန်းမသိပေမယ့် စာမကျက်ဖြစ်မှာ ပူပြန်ရော…….။
လှိုင်လေးတစ်ယောက်ရော အစ်ကိုတွေ ကြားထဲမှာ ဆိုးနေတုန်းလား ပူမိတယ်…….။
မေကျော်တစ်ယောက်ကလဲ အရင်ကလိုပဲ စိတ်ထဲကစကား အပြင်ပြောမိတုန်းလား………။
ကိုချဉ်ပေါင်ခြံလဲ ဘိုင်ကျနေတုန်းပဲလား……….. ထမင်းမှ စားရရဲ့လား………
ထိုက်ထိုက်လဲ ဆိုင်ကယ်မောင်းကြမ်းတုန်းပဲလား…………
ကိုစောကြီးလဲ အသောက်ရမ်းတုန်းပဲလား………….
မလင်းရော အလုပ်မှာ အဆင်ပြေရဲ့လား…………..
ကြွက်စုတ်တစ်ယောက်ရော စာမဖတ်ပဲ ဂိမ်းပဲဆော့နေမလား….ဇာတ်လမ်းတွဲပဲ ထိုင်ကြည့်နေမလား……….
……………………………………………………………………………………………………………………………………………….
နောက်ဆုံးဗျာ…………
လမ်းထိပ်မှာ တွေ့နေကျ ခွေးလေးကို မတွေ့ရင်တောင် အနားက ကွမ်းယာဆိုင်ကို ၀င်မေးတဲ့အထိ…….
ဟိုဘက်အိမ်က ကြောင်လေး မမွေးနိုင်လို့ အော်နေတာကို ခြေမကိုင်မိ၊ လက်မကိုင်မိနဲ့ မျက်ရည်ကျတဲ့အထိ……….
ကားလမ်းဘက်ကို သူ့သူထွက်ဆော့နေတဲ့ ကလေးတွေကို ပူပန်စိတ်နဲ့ ဆွဲမိတဲ့အထိ…………
စက်ထဲမှာ လချီကပ်နေတဲ့ ဗိုင်းရပ်စ်ကိုတောင် မသတ်ရက်တဲ့အထိ……..
အသုံးမ၀င်တော့တဲ့ စာရွက်အကြမ်းတွေကိုတောင် ဖိုင်စုစည်းထားတဲ့အထိ……….
ချန်ထားရစ်ခဲ့တဲ့ ချစ်သူရဲ့ စာအဟောင်းလေးတွေကိုတောင် မပစ်ရက်တဲ့အထိ………
……………………….သံယောဇဉ်ကြီးမိခဲ့တာပါ။
အဲလိုအချိုကြိုက်ခဲ့မိလို့လဲ ခုလို သွားပိုးစားခံနေရတာပေါ့လေ။
ဟုတ်တယ်။
သံယောဇဉ်ဆိုတာ သကြားလုံးတစ်မျိုးပဲလေ။ အချိုကြိုက်တဲ့သူဟာ တစ်နေနေ့မှာတော့ သွားပိုးစားခံရမှာ သေချာတယ်။
ရောဂါကို သိပေမယ့်လို့ ဆေးမရှိတဲ့အဖြစ်မှာ နောင်တကလဲ မရတက်တော့ ……….
အင်း သွားတော့ တစ်ချောင်းမှတောင် ကျန်မယ်မထင်……………။

Leave a comment »

ညီမလေးသို့ အိတ်ဖွင့်ပေးစာ

ညီမလေးရေ
တို့မြန်မာ မိသားစု ရိုးရာ
အထက်အောက်ဆိုတဲ့
အစဉ်အလာဟောင်းထဲက ဖောက်ထွက်ခဲ့ပါ။

အကြီးနဲ့ အငယ်ကို ဖယ်ထားလိုက်ရင်
ညီအစ်မဆိုတာပဲ
ကျန်မှာ မဟုတ်လား။

ငါ မှားပြီး မင်းမှန်တဲ့အခါ
မင်း အစ်မလုပ်ပြီး ဆုံးမပေါ့……..
မင်းမှားပြီး ငါမှန်တဲ့အခါ
မင်း ညီမလုပ်ပြီး နာခံလိုက်ပေါ့……။

ငါ့ရယ်သံတွေ
မင်းနှုတ်ခမ်းက ထွက်ကျတဲ့အထိ
မင်း ငိုရှိုက်သံတွေ
ငါ့နှုတ်ခမ်းက ပွင့်အန်တဲ့အထိ
ရင်ချင်းထပ်လို့ ချစ်ခဲ့ကြတာပဲ။

မင်းကြုံလာတဲ့ ကိစ္စတိုင်းမှာ
ရှေ့ကနေ ငါ မားမားရပ်ခဲ့သလို
ငါကြုံခဲ့တဲ့ ပြဿနာတိုင်းမှာ
နောက်ကနေ မင်း ကြံ့ကြံ့ခိုင်ပေးခဲ့တာပဲ။

မင်း စိတ်ဆိုးအောင် ငါလုပ်ခဲ့ဖူးသလို
ငါ ဒေါသထွက်အောင် မင်း စခဲ့ဖူးတယ်
စိတ်ကောက်၊ ရန်ဖြစ်ပြီး
သဘောထားတွေ ကွဲလွဲခဲ့ဖူးတယ်။

မင်းဖျားတုန်းက ငါလိုက်ဖျားခဲ့သလို
ငါ မျက်ရည်ကျတော့ မင်းလိုက်ငိုခဲ့ဖူးတယ်
သုံးနှစ်ကျော် ကွာပေမယ့်
အမြွာတွေ ထင်ရလောက်အောင်
တို့နှစ်ယောက်စည်းလုံးခဲ့ဖူးတယ်။

ရန်ဖြစ်ထားတဲ့အခါ
သီချင်းဆိုပြီး စောင်းတက်တဲ့ မင်းကို
ငါ… အခု လွမ်းလို့
မျက်ရည်ကျတယ်……….။

စကားနည်းသလောက်
အချက်ကျကျ ပြောဆိုတက်တဲ့
မင်းရဲ့ အသံစာစာကို ငါ……..
အခု လွမ်းလို့ မျက်ရည်ကျတယ်…..။

မတည့်ပေမယ့်
အမြဲအတူနေခဲ့တဲ့ မင်းနဲ့ငါ
ထမင်းစားချိန်တိုင်း တွတ်ထိုးခဲ့တာ
ငါ အခု လွမ်းလို့ မျက်ရည်ကျတယ်………။

မင်းကို လွမ်းလို့ ငိုမိတဲ့ ဒီအချိန်မှာ
ဝမ်းနည်းအောင် လုပ်ခဲ့သမျှအတွက်
ငါ………
အခု လက်နက်ချ တောင်းပန်တယ်………။

ငါ့ရဲ့ မြတ်နိုးပူပန်မှုနဲ့
လက်ဖြန့်မိုး စောင့်ရှောက်မှုတွေက
မင်းအတွက် လောင်းရိပ်တစ်ခု ဖြစ်နေခဲ့တဲ့အတွက်
ငါ……..
အခု နှုတ်ထွက် တောင်းပန်တယ်……….။

သေချာတာကလေ
မင်းငိုတိုင်း ငါ အလျှော့မပေးခဲ့တာက
လောကကြီးမှာ ငိုကြွေးမှုနဲ့
ကိုယ်လိုချင်တာ မရနိုင်ဘူးဆိုတာ သိစေချင်လို့ပါ။

ငါကိုယ်တိုင်ထက်၊ ငါ့အတ္တထက်
ငါ့မျှော်လင့်ချက်ထက်၊ ငါ့ချစ်သူထက်
အရာအားလုံးထက်…….
မင်းကို………
ငါ့ညီမလေးကို ပိုချစ်တာပေါ့ကွယ်။

ဘွဲ့တစ်ခုရတဲ့အထိ
ငါ့ ရင်ရိပ်အောက်မှာ
မင်း မွန်းကြပ်ကောင်း မွန်းကြပ်ခဲ့လိမ့်မယ်
ဒါဟာ လုံခြုံစေလိုမှု တစ်ခု သက်သက်ပါ။

ခုချိန်ထိ ကလေးတစ်ယောက်လို
သဘောထားချစ်ခင်ပေမယ့်လည်း
မင်း အရွယ်ရောက် ကြီးပြင်းလာပြီဆိုတာ
ငါ အသိအမှတ်ပြု လက်ခံပါတယ်။

ဘယ်လမ်းကြောင်းက ဘယ်လိုဆိုတာ
ပြောပြပြီးတဲ့ နောက်မှာတော့
မင်းအတွက်
လွတ်လပ်တဲ့ စဉ်းစားဆုံးဖြတ်ခွင့် ပေးထားပြီးသားပါ။

ငါကိုယ်တိုင်
အနီးကပ် လိုက်ပါစောင့်ရှောက်ခွင့်မရတဲ့
ဟိုးအဝေးမှာ မင်း………
ပြောစရာစကားနဲ့ တိုင်ပင်စရာ အကြောင်းအရာတွေ ရှိနေခဲ့ရင်………

ညီမလေးရေ
အကြီးနဲ့ အငယ်ကို ဖယ်ထားလိုက်ရင်
ညီအစ်မပဲ ကျန်တာမဟုတ်လား
အစဉ်အလာဟောင်းထဲက ဖောက်ထွက်ခဲ့ပါ
ဟောဒီမှာ
သူငယ်ချင်းတဖြစ်လဲ ရဲဘော်ရဲဘက် အစ်မကြီးက
နွေးထွေးတဲ့ ရင်ခွင်မှာ အကြင်နာအပြည့်နဲ့
နှစ်သိမ့်အကြံပေးဖို့ အသင့်ရှိတယ်………….။ ။

Comments (1) »

ခွင့်လွှတ်ပါ

ခွင့်လွှတ်ပါ

မင်းရေဆာချိန်
ရေတစ်ခွက်ပေးဖို့
ငါ……..မရှိခဲ့ရင်
မင်းဝမ်းနည်းချိန်
နှစ်သိမ့်ပေးဖို့
ငါ……မရှိခဲ့ရင်
မင်း ဒုက္ခရောက်ချိန်
ခွန်အားပေးဖို့
ငါ…….မရှိခဲ့ရင်
မင်းလိုအပ်ချိန်
ကူညီကြင်နာဖို့
ငါ……..မရှိခဲ့ရင်
(ငါဟာလေ)
ဝိညဉ်ဘ၀မှာမို့
ငါ့ကို ခွင့်လွှတ်ပေးပါနော်။             ။

ရင်ငြိမ်းပန်း(ပခုက္ကူ)

Comments (4) »

Leave a comment »

ချစ်သူ့အယူခံ

ချစ်သူ့အယူခံ
==========

ကြိုတင်သိမထားခဲ့တဲ့
ရင်ခုန်သံတစ်ခုမှာ
တုပမှုတွေ ပါလိမ့်မယ်လို့
ထင်လား………။

ယုံကြည်မှုတစ်ခုနဲ့
ပေးအပ်ခဲ့တဲ့ ချစ်ခြင်းမှာ
ဟန်ဆောင်မှုတွေ ပါလိမ့်မယ်လို့
ထင်လား……..။

မြတ်နိုးမှုတစ်ခုနဲ့
ကိုင်ဆွဲထားတဲ့ လက်တွေမှာရော
ရွေးချယ်မှုတွေ ပါနေမယ်လို့
ထင်ထားလား……….။

ဘာအက္ခရာမှ မသုံးဘဲ
အရိုးသားဆုံး ချစ်ခဲ့တာတောင်
နင့်မျက်လုံးမှာ
တွေဝေမှုတွေ တွေ့နေရသေးတယ်။

တကယ်ဆို……….
နင်မဖတ်တက်ခဲ့တဲ့ ငါ့မျက်နှာပေါ်မှာ
နင့်အတွက် အကြင်နာတွေ
နေရာအပြည့်ယူနေခဲ့တာပါ။

တကယ်ဆို………
သာယာလှပတဲ့ စကားတွေ
ငါမပြောတက်ခဲ့ပေမယ့်
မျှော်လင့်ချက်မပါတဲ့
အရိုးရှင်းဆုံးမေတ္တာတွေ
ရင်ဘက်ထဲမှာ အပြည့်ရှိတာပါ။

ကျေးဇူးပြုပြီး……….
သံသယဆိုတာတွေ
ခဏခွာချလိုက်ပါ ချစ်သူ
ပြီးတော့လေ
အချစ်ကို ဖန်တီးယူလို့ မရဘူးဆိုတာ
………..ယုံပေးပါ။ ။

ရင်ငြိမ်းပန်း(ပခုက္ကူ)

Comments (2) »

အနားသတ်မဲ့မျဉ်း

အနားသတ်မဲ့မျဉ်း

============

စကားတွေ အများကြီးမပြောချင်ဘူး

တိက်တိက်လေးပဲ နေချင်တယ်။

မနက်ဖြန်ကိုတွေးရင်း

ချခဲ့မိတဲ့သက်ပြင်းတွေ

ကွင်းပြင်တစ်နံတစ်လျားမှာ

တစ်စစီ တစ်ခုစီ ပြန့်ကျဲလို့………….။

တစ်ခုတည်းသော

ကိုးကွယ်ယုံကြည်ရာ

မျှော်လင့်ချက် အလင်းရောင်ကလည်း

မှိန်ပျအေးစက်လို့…………..။

ချစ်သူ့အိမ်လေးအတွက်

ထားရှိခဲ့တဲ့ နှုတ်ကတိစကားတွေနဲ့ သစ္စာတရားတွေက

လက်တွေ့ဘ၀နဲ့ ယှဉ်လာတဲ့အခါ

အားလုံးဟာ မှုန်ဝါးသွားတယ်။

ရှေ့တစ်လှမ်းအတွက်

နောက်နှစ်လှမ်းဆုတ်ပြီး အားယူနေရသူအဖို့

တစ်နေ့တော့ရောက်မယ့် ပုဂံဟာ

တကယ်ဆိုတော့ ဝေးနေသေးတယ်။

မှားတဲ့ဘက်မှာ ဘယ်သူရှိသလဲလို့

လူပြန်စစ်ကြည့်တဲ့အခါ

ကိုယ့်ကိုကိုယ်ကလွဲလို့

အပြစ်ဖို့စရာရယ် မရှိဘူးလေ။

သတိရခြင်း အပါအ၀င်

အားလုံးကို လက်လွှတ်လိုက်ရချိန်မှာ

စကားတွေ မပြောချင်ဘူး

တိက်တိက်လေးပဲ နေချင်တော့တယ်။ ။

ရင်ငြိမ်းပန်း(ပခုက္ကူ)

Leave a comment »

Follow

Get every new post delivered to your Inbox.